အပင်အမျိုးအစား
------------------
တွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ခံနိုင်သည့် ရှားစောင်း၊ မျိုးနွယ်ဝင်အပင် ဖြစ်သည်။ ပင်စည် သုံးမြှောင့်ပုံရှိသည်။ ပင်စည်အနားတွင် ဆူးငယ်များရှိသည်။ မျိုးအလိုက် ဆူးအတိုအရှည်နှင့် ဆူးအရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှထွက်လာသော ပင်စည်သစ်သည် သက်တမ်းနှစ်နှစ်သားရှိလာလျှင် ပန်းပွင့်နိုင်သည်။ ညနေပိုင်း (သို့မဟုတ်) ညပိုင်းတွင် ပန်းပွင့်နိုင်သည်။ နေထွက်လာလျှင် ပန်းပွင့်ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင်သန်းသော အဝါရောင် ရှိသည်။ ပွင့်ချပ်သည် နို့နှစ်ရောင်ရှိသည်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင်သန်းသော ပန်းရောင်ရှိသည်။ အသီးလုံး ပတ်လည်တွင် နဂါးမောက်ကဲ့သို့ ကော့ပြန့်နေသော အဖတ်များရှိသည်။ အတွင်းသား အရောင်အဖြူရောင်မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။ အစေ့မှာ အမဲရောင် ဖြစ်သည်။
မျိုးစေ့ရွေးချယ်ခြင်း
--------------------
မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး ကွာခြားနိုင်သည်။ သို့ဖြစ်၍ ကျန်းမာသန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကို ဖြတ်ယူမျိုး ပွားပါက ပျိုးပင်ထုတ်လုပ်ရန် မိခင်အပင်အဖြစ် မျိုးကောင်း၍ သီးထွက်ပုံမှန်ရှိသော အပင်ကို ထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များကို ၎င်းအပင်မှ ပွားများ ရယူပါ။
စိုက်ပျိုးခြင်း
-------------
၁။ ပင်ခြား၊ တန်းခြား (၉၊ ၉) ပေ သို့မဟုတ် (၉၊၁၂) ပေထား၍ (၄၊၄) လက်မ သို့မဟုတ် လုံးပတ်ထွာဆိုင်ရှိ မျော်တိုင် (သို့မဟုတ်) အချင်း (၆) လက်မခန့်ရှိ ကွန်ကရိပြွန်ကို မြေပြင်အထက် (၆) ပေ ရရှိအောင် စိုက်ပါ။ ကွန်ကရိပြွန်ကို သုံးပါက ကွန်ကရိပြွန်အခြေကို အင်္ဂတေဖြင့် လုံအောင်ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန်အတွင်း ရေထည့်ပေးနိုင်ရန် ဖြစ်သည်။ တိုင်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေ ပြုလုပ်ပေးပါ။
၂။ စိုက်ထားသော တိုင်ပတ်လည်တွင် တိုင်မှ (၄) လက်မ မှ (၆) လက်မခွာ၍ (၁၊၁၊၁၊) ပေရှိ အပင်စိုက်ကျင်း (၄) ကျင်း တူးပါ။
၃။ စိုက်ကျင်းများထဲသို့ NPK အချိုး (၁၅း၁၅း၁၅) ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂) ဇွန်းနှင့် သဘာဝမြေဆွေး (၈) ပြည်ခန့်ကို အပေါ်ယံမြေနှင့် မြေအောင်း ပိုးသတ်ဆေးတစ်မျိုးမျိုး(Feradan,Regent,Lasban)နှင့်သမအောင်ရောမွှေ၍ ဖြည့်ပေးပါ။ စိုက်ကျင်းအထက် (၆) လက်မအမြင့်သို့ ဘောင်ပြုလုပ်ပါ။ ရေဝပ်သောနေ ရာတွင် ရေနုတ်မြောင်း ပြုလုပ်ပေးရန်လိုပါသည်။
၄။ စိုက်ကျင်းအလယ်တည့်တည့်တွင် မိခင်အပင်မှ ဖြတ်ယူထားသော နဂါးမောက်ပင်စည်ကိုင်းဖြတ်ကို (၄) လက်မခန့် မြေမြှပ်စိုက်ပျိုးပါ။ ပင်စည်ကိုင်းပြတ်သည် အချားအနည်းဆုံး (၈) လက်မရှိသင့်သည်။ စိုက်ပျိုးပြီး အပင်ကို နှစ်ပတ်အထိ အရိပ်ပြုလုပ်ပေးပါ။ တိုင်တွင်ကပ်ချည်ပေးပါ။ မြေကြီး စိုစွတ်ရုံ ရေလောင်းပေးပါ။
၅။ မြြေုကီးအစိုဓါတ်မပြတ်စေရန် ပုံမှန်ရေသွင်းပါ။ မြေအမျိုးအစားနှင့် ရာသီဥတုအလိုက် (၅) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ်ရေသွင်းပေးပါ။
အပင်ပြုစုခြင်း
----------------
ပေါင်းမြက်ကင်းရှင်းရန် တူရွင်း၊ ပေါက်ပြားတို့ဖြင့် ရှင်းလင်းပေးခြင်း အပင်ခြေပတ်လည်တွင် ကောက်ရိုးမြက်ခြောက်သော မြေဖုံးပစ္စည်းများနှင့် ဖုံးအုပ်ပေးခြင်း ပေါင်းသတ်ဆေးအသုံးပြု၍ နှိမ်နင်းပေးခြင်း နည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။
credit
No comments:
Post a Comment
Send Comment